Sunday, October 12, 2008

Genetics Online Class Session

အောက်တိုဘာလ ၁၇ ရက်နေ့မှာ WizIQ မှတဆင့် Genetics အကြောင်းကို ဟောပြောမယ့် အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ စိတ်ဝင်စားသူများ ၀င်ရောက် နားထောင်နိုင်ပါတယ်။

ဟောပြောမယ့်သူကတော့-

Prof. Michael Hosking
Davidson College
Portland, United Sates

ဖြစ်ပါတယ်။

==================================================

Saturday, October 11, 2008

အစများ၏ အစ

ဒီကမ္ဘာပေါ်မှာ သက်ရှိပေါင်း သန်း၁၀၀ကျော် ရှိပါတယ်လို့ စာတစ်အုပ်က ဆိုပါတယ်။ အဲသလို များပြားလှတဲ့ သက်ရှိတွေဟာ စာရေးသူတို့ရဲ့ နဂိုမူလသဘာဝအတိုင်း သိရှိနားလည်နိုင်တဲ့ အကန့်အတွင်းကလေးမှာတင် တစ်ခုနဲ့တစ်ခု မတူညီကြပဲ ကွဲပြားခြားနားနေကြပါတယ်။ ဒါပေမယ့် ဘယ်လိုပင် ကွဲပြားနေကြပါစေ တူညီတဲ့အချက်တစ်ခုကတော့ အားလုံးသော သက်ရှိများဟာ မျိုးရိုးဗီဇကို အစဉ်အဆက် လက်ဆင့်ကမ်းရခြင်းပဲ ဖြစ်ပါတယ်။ ထိုသို့ လက်ဆင့်ကမ်းနိုင်ဖို့ အတွက် မျိုးဆက်သစ်တွေ လိုအပ်ပါတယ်။ ထိုကဲ့သို့ လိုအပ်သော မျိုးဆက်သစ်များ ရှိနေနိုင်ဖို့ အတွက် သက်ရှိနှင့် ပတ်ဝန်းကျင်ကြားမှာ စွမ်းအင်ကို အသွင်သဏ္ဌန် အမျိုးမျိုးနဲ့ အသုံးချ ပြောင်းလဲပေးဖို့ လိုအပ်ပါတယ်။ (မှတ်ချက်။ စွမ်းအင်သည် ကုန်ဆုံးသွားခြင်း၊ ပျောက်ပျက်သွားခြင်းမရှိပဲ သဏ္ဌန်တစ်ခုမှတစ်ခုသို့ ပြောင်းလဲသွားခြင်းသာ ရှိပါတယ် လို့ အဆိုရှိပါတယ်)


စွမ်းအင်ကို ဘယ်လို ပြောင်းလဲပေးမယ် ဘယ်လို အသုံးချရမယ် ဆိုတာကိုတော့ မျိုးရိုးဗီဇကပဲ ထိန်းကွပ်ပေးပါတယ်။ ဒါကြောင့်မို့ ဘဲဥအစရှာမရသလိုပဲ သက်ရှိဆိုတဲ့အရာတွေကို ဘယ်အရာကနေ ထိန်းချုပ်သလဲလို့ မေးခဲ့ရင်တော့ အတော် ဖြေရခက်ပါလိမ့်မယ်။ သက်ရှိနဲ့ တချို့သော သက်မဲ့လို့ သတ်မှတ်ခံထားရသော သက်ရှိများ (ဥပမာ။ သစ်ပင်များ စသည်..) တို့ကို cell လို့ခေါ်တဲ့ အလွန်သေးငယ်တဲ့ အမှုန်အမွှားကလေးတွေနဲ့ စုပေါင်းဖွဲ့စည်းထားပါတယ်။

အဲဒီ cell ဆိုတဲ့ မှုန်မှုန်မွှားမွှားအရာလေးတွေ အများကြီးစုပေါင်းလာရကနေမှ လူအသွေးအသား အကြောအရိုး ကလီစာ ကိုယ်ခန္ဒာ ကလီစာ စသည်ဖြင့် ဖြစ်ပေါ်လာကြပါတယ်။ ဒီ cell လေးတွေဟာ စက္ကန့်တိုင်း စက္ကန့်တိုင်းမှာ တပြိုင်နက် သေဆုံးသွားကြ ပြန်အသစ်ဖြစ်လာလိုက်ကြနဲ့ destruction နဲ့ regeneration က ခန္ဒာကိုယ်ပေါ်မှာ အမြဲဖြစ်ပေါ်နေပါတယ်။ (ခန္ဒာကိုယ်ရဲ့ ဦးနှောက်လို တချို့သော အပိုင်းများမှာတော့ cell တွေ အသစ်ပြန်လည်ဖြစ်ပေါ်ခြင်းမရှိပါဘူး။ ဒါကြောင့် ဒီအပိုင်းတွေမှာ သေဆုံးသွားခဲ့တဲ့ cell တွေရဲ့ နေရာဟာ အမြဲလစ်လပ်နေပါတယ်။ စကားမစပ် ဗုဒ္ဒမြတ်စွာ မိန့်ကြားတော်မူခဲ့တဲ့ လူတစ်ယောက်ရဲ့ ရုပ်ကို တကယ်တမ်းသေချာ ခွဲကြည့်ရင် အမှုန်အမွှားလေးတွေ ဖြစ်ပြီးပျက်နေတာပဲ မြင်ရတယ်ဆိုတာဟာ ဒီ cell တွေ သေသွားလိုက် ပွားလာလိုက် ဖြစ်နေတာကို မြင်ရတာလားလို့ တွေးမိပါတယ်။)

cell အမျိုးအစားတွေက လူ့ကိုယ်ခန္ဒာပေါ်မှာ နေရာပေါ်မူတည်ပြီး ကွဲပြားကြပါတယ်။ cell တွေ ဟာ ပထမဖြစ်ပေါ်လာစမှာ တစ်မျိုး တစ်ပုံစံတည်းဖြစ်ပြီး တဖြည်းဖြည်းနဲ့သာ ကွဲပြားသွားကြပါတယ်။

ထို အရာကလေးတွေရဲ့ ပုံသဏ္ဌန်က အခန်းငယ်ကလေးတွေလိုပဲဖြစ်ပြီး အတွင်းမှာ nucleus လို့ခေါ်တဲ့ အနှစ်လုံးတစ်ခုနဲ့ တခြားသော အကာပါးလေးတွေ အုပ်ထားတဲ့ အရာကလေးများလဲ ပါဝင်ပါတယ်။ nucleus အတွင်းမှာ သက်ရှိတွေရဲ့ မျိုးရိုးဗီဇများကို သိုလှောင်ထားတဲ့ DNA ကြိုးချောင်းလေးတွေ ပါဝင်ပါတယ်။ cell အတွင်းမှ အရာများအားလုံးကို organelles လို့ခေါ်ပြီး ဒီorganelles လေးတွေဟာ နှစ်ခုထက်ပိုတဲ့ cell များနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ သက်ရှိများမှာသာ ရှိပါတယ်။
(http://www.fluwikie.com/uploads/Science/eukaryotic_cell.png)

သက်ရှိများကို cell အမျိုးအစားအရ ခွဲခြားရရင်တော့ဖြင့် နှစ်မျိုးနှစ်စား ခွဲခြားလို့ရပါတယ်။ prokaryote နဲ့ eukaryote ပါ။ prokaryoteလို့ခေါ်တဲ့ သက်ရှိများမှာ nucleus လို့ခေါ်တဲ့ အနှစ်လုံး သီးခြားမပါရှိတဲ့အတွက် မျိုးရိုးဗီဇများက nucleoid region လို့ခေါ်တဲ့ သေးသွယ်ရှုပ်ထွေးတဲ့ ကြိုးလေးများ ပါဝင်တဲ့ ဧရိယာအဖြစ် cell အတွင်းမှာ ရှိကြပါတယ်။

eukaryote တွေမှာတော့ အဲဒီ အချောင်းကလေးများက DNA လို့ခေါ်တဲ့ မျိုးရိုးဗီဇဘဏ်ကလေးများအဖြစ်နဲ့ အကာပါးလေး တစ်ခုရဲ့ အောက်မှာ nucleus လို့အမည်ရတဲ့ အနှစ်လုံးလေးအဖြစ် စုစုစည်းစည်းဖြစ်သွားပါတယ်။

သက်ရှိများကို cell အရေအတွက်နဲ့ ခွဲခြားသတ်မှတ်ပြရရင်တော့ unicellular နဲ့ multicellular ဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်။ ပေးထားသောနာမည်များနဲ့ ကိုက်ညီစွာပဲ unicellular ဖြစ်တဲ့ သက်ရှိများဟာ cell တစ်ခုသာပါရှိတဲ့အတွက် အလွန့် အလွန့်ကို သေးငယ်ပြီး သာမာန်မျက်စိနဲ့ ကြည့်မြင်နိုင်ဖို့ကတော့ လုံးဝမဖြစ်နိုင်ပါဘူး။ အများစုသော ဘက်တီးရီးယားများဟာ unicellular သက်ရှိများ ဖြစ်ကြပါတယ်။ multicellular သက်ရှိများကိုတော့ နှစ်ခုထက်ပိုတဲ့ cell ကလေးများနဲ့ ဖွဲ့စည်းထားပါတယ်။ ဒါကြောင့် cell အရေအတွက်များလေလေ သက်ရှိအရွယ်အစားကြီးမားလေလေပါပဲ။ သက်ရှိလူများဟာ multicellular eukaryote များဖြစ်ပါတယ်။


ဒီလောက်ဆိုရင်တော့ဖြင့် cell အကြောင်းကို အကျမ်းဖြင်း ဖော်ပြပြီးပြီလို့ ထင်မိပါတယ်။

==========================================================

Saturday, August 9, 2008

Classroom Jokes 1

ဆရာ။ ။ ဒီတော့ မင်းတို့ သိထားရမှာက အမိုးနီးယားအဆိပ်သင့်ရင် တဖြည်းဖြည်းနဲ့ သွေးထဲမှာ အမိုးနီးယားမြင့်လာပြီး ၀ိတ်အလွန်အမင်းကျလာမယ်။ အဲဒီနောက်မှာ ကိုမာပါရပြီး....

ကျောင်းသူ။ ။ တစ်ခုမေးပါရစေ ဆရာ။

ဆရာ။ ။ အေး..

ကျောင်းသူ။ ။ ဆရာ ဥပမာပေးခဲ့တဲ့ တကယ့်အဖြစ်အပျက်အရ ဆိုရင် အမိုးနီးယားကို နေ့တိုင်းရှူမိနေရင် အမိုးနီးယား အဆိပ်သင့် နိုင်တာပေါ့နော်။

ဆရာ။ ။ အေး၊ ဟုတ်တယ်ကွယ့်။ အဲဒီတော့ မင်းတို့အနေနဲ့ အဆိပ်သင့်နိုင်တဲ့ အကြောင်းရင်းတွေကို ရှောင်နိုင်သမျှ ရှောင်ကြရ...

ကျောင်းသူ။ ။ နောက်တစ်ခု မေးပါရစေ ဆရာ။

ဆရာ။ ။ မေးပါ မေးပါ။

ကျောင်းသူ။ ။ ဒါဆို ကိုယ့်ဆီးကိုကိုယ် နေ့တိုင်းရှူခဲ့ရင်လည်း ၀ိတ်အမြန်ကျနိုင်တယ်လို့ ယူဆလို့ရတာပေါ့နော်ဆရာ။

========== ========== ==========

က ၁။ ။ ငါးဆိုတဲ့ သွေးအေးသတ္တ၀ါတွေက အညစ်အကြေးစွန့်တဲ့အခါမှာ လူတွေလို မဟုတ်ပဲ အမိုးနီးယားအတိုင်းပဲ ရေထဲကို စွန့်ကြတယ်တဲ့ကွ။

က၂။ ။ အေး.. ဆရာပြောတာပဲလေ။

က၁။ ။ အဲတော့ ငါတို့တွေ ရေငုပ်တဲ့အခါ ငါးအုပ်ကြီးတွေတွေ့လို့ကတော့ လှတယ်ဆိုပြီး အနားသွားပြီး ကြည့်မိရင် ကြည့်နေတုန်း ငါးအုပ်ကြိးရှူးပေါက်လိုက်တာနဲ့ အမိုးနီးယား အဆိပ်သင့်မှာပဲကွ။

========== ========== ==========

Wednesday, January 23, 2008

ဦးနှောက်ကို ဖွဲ့စည်းထားသော neuron လေးများ

လူ့ဦးနှောက်အကြောင်းကို အပျင်းပြေဖတ်လို့ရအောင် ရေးကြည့်ပါ့မယ်။

ဦးနှောက်ကို neuron လို့ခေါ်တဲ့ cell အမျိုးအစားနဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ ဒီ cell လေးတွေရဲ့ ပုံသဏ္ဌန်ကတော့ ခေါင်းကြီးကြီး ကိုယ်သေးသေးနဲ့ ချစ်စရာလေးတွေပေါ့။ ဆံချည်မျှင်လို ထိုးထိုးထောင်ထာင် ရှုပ်ရှုပ်ယှက်ယှက် အမျှင်လေးတွေ ဦးခေါင်းဘက်ခြမ်းမှာ ရှိသလို၊ အောက်ဘက်မှာ ခြေထောက်ကလေးတွေကို ရှည်ထွက်နေတဲ့ axon လို့ခေါ်တဲ့ အပိုင်းလေးတွေကနေမှ ခွဲထွက်သွားတဲ့ အမျှင်ကလေးတွေ (axon end သို့ cell ရဲ့ အဆုံးပိုင်း) လည်း ရှိပါတယ်။

ဦးနှောက် cell (neuron) တစ်ခုကို အကြမ်းဖျဉ်းအားဖြင့် သုံးပိုင်းခွဲခြားလို့ရပါတယ်။ Dandrites လို့ခေါ်တဲ့ ဦးခေါင်းပိုင်းက အမျှင်လေးတွေ၊ cell ရဲ့ အလည်ပိုင်း ကိုယ်ခန္ဒာနဲ့ axon လို့ခေါ်တဲ့ cell ခြေထောက်တွေပါ။ (ဥိးနှောက်cell တွေဟာ ပုံသဏ္ဌန် သုံးမျိုးသုံးစားရှိပေမယ့် အများဆုံးတွေ့ရတဲ့ အမျိုးအစားကိုပဲ အသုံးပြုပြီး ဆက်လက်ရှင်းလင်းမှာ ဖြစ်ပါတယ်။)

ဦးနှောက်cell တစ်ခုရဲ့ ဦးခေါင်းပိုင်းမှာ အခြားဆဲတွေကနေ တစ်ဆင့် စီးဆင်းလာတဲ့ လျှပ်စစ် signal ကို လက်ခံဖို့အတွက် dandrite တွေက တာဝန်ယူပါတယ်။ အဲဒီ signal ဟာ cell ရဲ့ ကိုယ်ခန္ဒာ (cellbody) ကို ဆက်လက်စီးဆင်းသွားပြီးနောက် အဲဒီမှာပဲ cell ရဲ့ အောက်ပိုင်းကို ဆက်လက် စီးဆင်းမယ် မစီးဆင်းဘူးဆိုတာကို ခွဲခြားစစ်ဆေးပြီးမှ အဆုံးအဖြတ် ခံယူရပါတယ်။ အဲဒီနောက်မှာတော့ ဒီ signal လျှပ်စစ်စီးကြောင်းက axon ရဲ့ အစဖြစ်တဲ့ axon hillock ကနေစပြီးတော့ အောက်ဘက်ကို စီးဆင်း သွားပါတော့တယ်။

ဒီ axon တွေကို myelin sheath အဆီလွှာနဲ့ အုပ်ထားခဲ့ရင် singal က ပိုမို မြန်ဆန်စွာ စီးဆင်းပါတယ်။ မအုပ်ထားခဲ့တဲ့ axon မျိုးဖြစ်ခဲ့ရင်တော့ signal ပေးပို့ခြင်းက အနည်းငယ် တုံ့နှေးပါတယ်။ axon ပေါ်က myelin sheath တွေကြား axon ရဲ့ အလည်နားပိုင်းလောက်မှာ node of Ranvier လို့ခေါ်တဲ့ လစ်လပ်နေတဲ့ နေရာလေးတစ်ခု ရှိပါတယ်။ အဲဒီ လစ်လပ်နေတဲ့ စပ်ကြားနေရာလေးတွေကပဲ neuron ရဲ့ အကာပါးကို ပတ်ဝန်းကျင်နဲ့ ထိတွေ့စေတာ ဖြစ်တဲ့အတွက် signal စီးဆင်းရာမှာ အရေးပါပါတယ်။

ပြီးနောက်မှာတော့ signal ဟာ axon termal ခွဲကြောင်းတွေကိုရောက် ပြီးမှ synapse ကနေ့တစ်ဆင့် နောက်ထပ် cell တစ်ခုကို ရောက်ရှိသွားပါတော့တယ်။

ဒီ လျှပ်စစ် signal တွေ စီးဆင်းပုံ စီးဆင်းနည်းက လျှပ်စစ်စီးကြောင်းသက်သက် အဖြစ်နဲ့ စီးဆင်းတာ မဟုတ်ပါဘူး။ (အဲဒါကြောင့် အတွေးများရင် ဦးနှောက် ဓာတ်မလိုက်နိုင်ပါဘူး။)

neuron terminal တွေက neuron အချင်းချင်းအပြင် muscle နဲ့ gland တွေကိုလည်း ထိစပ်နေပါတယ်။

ဒီလောက်ဆိုရင်ဖြင့် ဦးနှောက်ရဲ့ neuron အကြောင်းကို အကြမ်းဖျဉ်း ရေးသားပြီးပြီလို့ထင်ပါတယ်။ မှားယွင်းနေတာတွေကိုလည်း ၀င်ရောက်ပြင်ဆင် ပေးစေလိုပါတယ်။

စာဖတ်သူများကို ကျေးဇူးတင်ပါတယ်။

(ဦးနှောက် cell တစ်ခုရဲ့ အကြမ်းဖျဉ်းပုံသဏ္ဌန်ပါ)

==========================================

Monday, January 21, 2008

Francis Collins အပိုင်း(၃)

Francis Collins အပိုင်း(၃)ကို ဆက်လက်ရေးသားပါ့မယ်။

Francis Collins ဟာ အထက်တန်းကျောင်းအောင်မြင်ပြီးနောက် Virginia တက္ကသိုလ်ကို ဆက်လက် တက်ရောက်ခဲ့ပါတယ်။ တက္ကသိုလ်မှာလည်း Francis ဟာ ဇီဝဗေဒဘာသာရပ်ကို ရှောင်ဖယ်နေခဲ့ပါတယ်။ တက္ကသိုလ်မှ ဂုဏ်ထူးများနဲ့ အောင်မြင်ခဲ့ပြိးနောက်မှာတော့ Yale တက္ကသိုလ်မှာ Phycial Chemistry အထူးပြုဘာသာရပ်နဲ့ ဘွဲ့လွန်ပညာကို ဆက်လက် ဆည်းပူးခဲ့ပါတယ်။ အဲဒီ တက္ကသိုလ်မှာ အဲဒီလို ပါမောက္ခဘွဲ့ကို ရရှိနိုင်ဖို့ ကြိုးစားနေစဉ်မှာပဲ Francis ကို မျိုးရိုးဗီဇပညာရပ်နဲ့ molecules လေးတွေက ဖမ်းစားလိုက်ပါတော့တယ်။

တတ်ကျွမ်းထားတဲ့ ပညာတွေကို အသုံးချပြီး ဘယ်လို အများကောင်းကျိုးအတွက် ကြိုးပမ်းရမလဲလို့ ရှာဖွေနေတဲ့ Francis ဟာ မျိုးရိုးဗီဇပညာရပ်နဲ့ လူသားအကျိုးပြုလုပ်ငန်းတွေကို လုပ်ဖို့ လမ်းစကို ရှာဖွေ့ တွေ့ရှိ သွားပါတော့တယ်။ Francis က သူ့ရဲ့ ရှေ့ဆောင်လမ်းပြ ဆရာကြီးများကို အကြံဥာဏ်တောင်းခံ တိုင်ပင်ပြီးနောက်မှာတော့ North Carolina ပြည်နယ်က ဆေးတက္ကသိုလ်ကို စတင် တက်ရောက်ခဲ့ ပါတော့တယ်။

ဆေးတက္ကသိုလ်မှာ ပညာသင်ကြားပြီးနောက် အလုပ်သင်ဆ၇ာဝန်အဖြစ် အမှုထမ်းခဲ့ပြီး Yale တက္ကသိုလ်ကို မျိုးရိုးဗီဇပညာရပ်ဆိုင်၇ာ လေ့လာသူအသင်းဝင်တစ်ယောက်အဖြစ်နဲ့ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ အဲဒီနောက် Michigan တက္ကသိုလ်မှာ ဆရာအဖြစ် ၀င်ရောက် ပညာသင်ကြားပေးရင်းနဲ့ သူ့ရဲ့ သုတေသနတွေကို ဆက်လက်လုပ်ကိုင်နေခဲ့ပါတယ်။

Francis Collins ရဲ့ ထူးခြားချက်တစ်ခုကတော့ သူဟာ တခြားသော သိပ်ပံပညာရှင်တွေလို မဟုတ်ပဲ ဘာသာတရားကို နက်နက်ရှိုင်းရှိုင်း ယုံကြည်ကိုးကွယ်ခြင်းပါပဲ။ အချို့သောသူများက Francis ဒီလို ဘာသာတရားကိုင်းရှိုင်းလာတာဟာ ဖခင်လုပ်သူ cancer ရောဂါနဲ့ ဆုံးပါးပြီးနောက်မှလို့လည်း ဆိုကြပါတယ်။ ပုဂ္ဂလိကအတွေ့အကြုံကြောင့် ခရစ်ယာန်ဘာသာတရားကို နက်ရှိုင်းစွာ သက်ဝင်သွားခဲ့တဲ့အတွက်ကြောင့် evangelical christian လို့ သတ်မှတ်လို့ ရပါသတဲ့။

Francis Collins ရဲ့ ပညာသင်ကြားရာ ခရီးတလျှောက်ကို အကျဉ်းရေးသား ပြည့်စုံပြီလို့ ထင်မိပါတယ်။ ပညာရပ်ပိုင်းဆိုင်ရာ တွေ့ရှိချက်များကိုတော့ စာရေးသူ နားလည်နိုင်စွမ်းထက် ကျော်လွန်နေတဲ့အတွက် မတင်ပေးနိုင်သေးတာ ခွင့်လွှတ်ပေးစေလိုပါတယ်။ အဲဒီ တွေ့ရှိချက်တွေကို စာဖတ်သူအနေနဲ့ ပါဝင်ရေးသား ရှင်းပြပေးချင်တယ်ဆိုရင်ဖြင့် စာရေးသူက ၀မ်းမြောက်ဝမ်းသာ ဖိတ်ခေါ်ပါတယ်။

ကျေးဖူးတင်ပါတယ်။

ဆက်လက်ဖတ်ရှုလိုပါက -
LINK 1
LINK 2
LINK 3

Francis Collins အပိုင်း(၂)

Francis Collins ရဲ့ ပညာဆည်းပူးရာ ခရီးလမ်းတစ်လျှောက်က အတွေ့အကြုံလေးတွေကို ဆက်လက်ရေးသားပါ့မယ်။

Francis Collins က ၆တန်းကို ရောက်မှ အတန်းကျောင်းကို တခြားသူများနဲ့အတူ တက်ရောက်ခဲ့ရတာကို ရေးသားခဲ့ပြီး ဖြစ်ပါတယ်။ စတက်ခါစမှာတော့ လူမှုရေးပြသနာလေးတွေကို ရင်ဆိုင်ခဲ့ရတော့ Franics Collins ရဲ့ စိတ်ထဲမှာ အံဝင်ခွင်ကျမှုမရှိတဲ့ ဂြိုလ်သားတစ်ယောက်လိုပဲ ခံစားခဲ့ရပါတယ်တဲ့။

အဲဒီလို အခြေအနေမှာ Francis ကို ကျောင်းပျော်အောင် ဖန်တီးပေးခဲ့တာကတော့ ဓာတုဗေဒပါပဲ။ အဲဒီ အကြောင်းကို ပြန်လည်ဖော်ပြပေးရမယ်ဆိုရင်တော့ ဒီလိုပါ။ Francis Collins ဆယ်တန်းကို တက်ရောက်ခဲ့ရတဲ့နှစ်ရဲ့ ဓာတုဗေဒသင်ခန်းစာ အစ ပထမဦးဆုံးနေ့မှာ ဓာတုဗေဒသင်ကြားတဲ့ ပေါမောက္ခကြီးက တစ်ခန်းလုံးကို အမည်းရောင် အပြည့် ပိန်းနေအောင် သုတ်ထားတဲ့ စက္ကူဘူး တစ်ယောက်တစ်ဘူးစီ ဝေပေးခဲ့ပြီး အထဲမှာပါတဲ့ ပစ္စည်းကို သိရှိအောင်ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေကို စာရွက်တစ်ရွက်မှာ ချက်ချင်းချရေးပြီး စာရွက်ကို လာရောက်အပ်နှံရမယ်လို့ ပြောခဲ့ပါတယ်တဲ့။ ပထမတော့ Francis က ဒါဟာ အတော်တုံးတဲ့ idea ပဲလို့ ထင်လိုက်ခဲ့မိပါသတဲ့။ ဒီလိုနဲ့ပဲ စက္ကူဘူးထဲက ပစ္စည်းကို သိအောင်လုပ်ရင်းရှာရင်း တဖြည်းဖြည်းနဲ့ အဲဒီလိုလုပ်ရတာကို Francis ပျော်မွေ့လာခဲ့ပါတယ်။ သူ့ရဲ့စိတ်ကို ပထမဆုံးဖမ်းစားနိုင်ခဲ့တာက အဲဒီ အဖြစ်အပျက်ကလေးပဲလို့ ဆရာကြီး Francis Collins က ၀န်ခံထားပါတယ်။ ဒီအဖြစ်အပျက်ကလေးက သူ့ဘ၀မှာ သိပ်ပံပညာရဲ့ စိန်ခေါ်မှုတွေကို စိတ်ဝင်စားလာစေခြင်းရဲ့ အခြေခံအကြောင်းရင်းတစ်ခု ဖြစ်ခဲ့ပါတယ်တဲ့။

Francis Collins က ကှ်ျသည်မရွေး အလွတ်ကျက်မှတ်ရခြင်းကို နှစ်သက်ခြင်းမရှိသူဆိုတော့ ဒီလိုဥာဏ်ကစားပြီး ကိုယ့်ကိုယ်ပိုင် စိတ်ကူးideaကို ဖော်ထုတ်ခွင့်ရစေတဲ့ ဘာသာရပ်တွေကို စိတ်ဝင်စားဖို့ အကြောင်းဖန်လာခဲ့ပါတော့တယ်။ ဒီအဖြစ်အပျက်လေးက Francis Collins ကို မျိုးရိုးဗီဇပညာ ပညာရှင်အကျော်အမော်ဖြစ်လာစေဖို့ လမ်းစပြုပေးခဲ့တဲ့ အဖြစ်အပျက်လေးဆိုရင်လည်း မမှားပါဘူး။

Francis Collins ဟာ ငယ်စဉ်ကတည်းက ပညာသင်ကြားရာမှာ မှတ်သားခြင်းထက် ဝေဖန်ပိုင်းခြားခြင်းကိုသာ ပိုမိုအားသန်ခဲ့ပါတယ်။ ဒါကြောင့် မှတ်သားခြင်းကို အများဆုံးပြုလုပ်ရတဲ့ ဇီဝဗေဒလို ဘာသာရပ်ထက် ဝေဖန်ပိုင်းခြားခြင်းကို ပိုမိုအလေးသာတဲ့ သင်္ချာလို ဘာသာရပ်များကို ပိုမိုနှစ်သက်စွာ လိုက်စားခဲ့ပါတယ်။

Franicis Collins ရဲ့ ကိုယ်ပိုင်အမြင်က ပညာသင်ကြားကြရာမှာ ကှ်ျသည်မရွေးမှတ်သားခြင်းထက် ဝေဖန်ပိုင်းခြားဆုံးဖြတ်ခြင်းကို ပိုမိုအလေးထားသင့်တယ် လို့ပဲ ဖြစ်ပါတယ်တဲ့။

နောက်နေ့များမှာ ဆက်လက်ပြီး ရေးသားပါဦးမယ်။ စာဖတ်သူများကို ကျေးဇူးတင်ပါတယ်။

Sunday, January 20, 2008

Francis Collins အပိုင်း (၁)

ဒီနေ့တော့ Francis Collins ရဲ့အကြောင်းကို ရေးမယ်လို့ စိတ်ကူးရမိပါတယ်။

ဒီဆရာကြီးက လူသားတွေရဲ့ DNA mapping ( မျိုးရိုးဗီဇကို ပုံဖေါ် စစ်ဆေးသော နည်းပညာ) ကို ပထမဆုံး တွေ့ရှိ တီထွင်ခဲ့တဲ့ သူတစ်ဦးပါ။ အခုလို ရေးသားဂုဏ်ပြုလို့လဲ Francis Collins ကို တခြား အကျော်အမော် သိပ်ပံပညာရှင်တွေလို မနိုးသောအိပ်ခြင်းနဲ့ အိပ်ပျော်နေပြီလို့ မထင်လိုက်ကြပါဦးနဲ့ဦ။ Francis Collins ဟာ ယခုတိုင် သက်ရှိထင်ရှားရှိနေသေးတဲ့ မျိုးရိုးဗီဇပညာရပ်ရဲ့ ဆရာတစ်ဆူပါ။ ယခု ဒီဆရာကြီးရဲ့ ငယ်ဘ၀ကို ပုံပြင်လေးတစ်ပုဒ်လို တင်ပေးပါ့မယ်။

Francis ကို ဗာဂျီးနီးယားက ရှန်နွန်ဒေါလ်လို့ခေါ်တဲ့ ရွာလေးတစ်ရွာမှာ မွေးဖွားခဲ့တာပါ။ ငယ်စဉ်က ရေပိုက်လိုင်းတောင် သွယ်ထားခြင်းမရှိခဲ့တဲ့ အိမ်ကလေးမှာ နေထိုင်ခဲ့ရတာပါတဲ့။ တကယ့်တော၇ွာလေးပေါ့။ Francsi မိဘများက ပညာတတ်များဖြစ်ကြတဲ့အတွက် သားများရဲ့ ပညာရေးကို အင်မတန်ဂရုထားခဲ့ကြ သူများဖြစ်ပါတယ်။ မွေးသဖခင်လုပ်သူက အင်္ဂလိပ်ဘာသာကို PhD ထိရရှိခဲ့သူဖြစ်ပြီး မွေးသမိခင်ကတော့ ပြဇာတ် ဇာတ်ညွှန်းများကို ရေးသားပေးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

Francis တို့ ညီအစ်ကိုများ ငယ်စဉ်က မိဘများဟာ သားတွေကို ရွာလေးက ကျောင်းမှာ ပညာသင်ယူစေဖို့ စိတ်တိုင်းမကျတဲ့အတွက် ကိုယ်တိုင်ကိုယ်ကျ အိမ်မှာပဲ ပညာသင်ပေးခဲ့ပါတယ်တဲ့။ အဲဒီလိုနဲ့ပဲ Francis လည်း ငယ်စဉ်ကလေးဘ၀ကို ဖြတ်သန်းလာလိုက်တာ အတန်းပညာ ၆တန်းကို ရောက်ရှိလာခဲ့ချိန်မှာတော့ အဖွားဖြစ်သူ လေဖြတ်သွားခဲ့တဲ့အတွက် အဖွားနေထိုင်တာ မြို့ကို ပြောင်းရွှေ့ဖို့ ကြုံလာမှပဲ အများနည်းတူ ကျောင်းတက်ခဲ့ရပါတော့တယ်။

နောင်တစ်ချိန်မှာ သိပ်ပံပညာရှင် အကျော်အမော်ဖြစ်လာခဲ့သူ Francis ဟာ ငယ်စဉ်ဘ၀ကို ဂီတနဲ့ အနုပညာကြားမှာ ဖြတ်သန်းခဲ့ရတာပါ။ ဖခင်လုပ်သူဟာ ကောလိပ်ကျောင်းတစ်ခုရဲ့ ဆရာကြီးတစ်ယောက် ဖြစ်ခဲ့ပြီး ကျောင်းအတွက် ပြဇာတ်ရုံတစ်ခု ကြီးမှူး တည်ထောင်ပေးခဲ့တဲ့အတွက် Francis ဟာ ကလေးဘ၀ တလျှောက် အနုပညာနဲ့ နီးစပ် လက်ပွန်းတတီး ရှိနေခဲ့ပါတယ်။ သို့သော်လည်း သူက အနုပညာကို စိတ်မ၀င်စားခဲ့ပဲ ဓာတုဗေဒကိုမှ ခင်မင်တွယ်တာခဲ့ပါတယ်။ မျိုးရိုးဗီဇပညာမှာ အဓိကကျတဲ့ အခြေခံပညာရပ်ဖြစ်တဲ့ ဇီဝဗေဒဘာသာရပ်ကိုတော့ အင်မတန်ရှုပ်ထွေးပွေလီတယ်လို့ ယူဆခဲ့တဲ့ အတွက်ကြောင့် Francis က စိတ်ဝင်စားမှု မရှိခဲ့ပါဘူး။ ဒီလိုနဲ့ပဲ အသက် ၁၆နှစ်မှာ Francis ဟာ အထက်တန်းကျောင်းကို ထူးချွန်စွာအောင်မြင်ခဲ့ပြီး ဗားဂျီးနီးယားတက္ကသိုလ်ကို ဆက်လက် တက်ရောက်ခဲ့ပါတော့တယ်။

ယခုေ၇းသားထားတာတွေကတော့ Francis ရဲ့ ငယ်ဘ၀အကြောင်းပါ။ ဆက်လက်ပြီး သူဘယ်လို ပညာဆည်းပူးခဲ့တယ်ဆိုတာကို ရေးသားပါ့မယ်။

စာဖတ်သူကို ကျေးဇူးတင်ရှိပါတယ်။

========================================

Friday, January 18, 2008

အမှားပါခဲ့ရင် ခွင့်လွှတ်ပါ။

ပထမဆုံးအနေနဲ့ ဒီစာမျက်နှာကို မတင်ခင်မှာ စာရေးသူ တစ်ခု ၀န်ခံချင်တာက စာရေးသူက တော်လွန်းတတ်လွန်းလို့ ရေးနေတာမဟုတ်ပဲ ယခု သင်ကြားနေတဲ့ဘာသာရပ်တွေကို ပိုမို အမှတ်ရပါစေတော့ဆိုတဲ့ သဘောရယ်၊ စာရေးသူလိုပဲ နကန်းတစ်လုံးမှ နားမလည်သူများအတွက် အပျင်းပြေ ဗဟုသုတရှာမှီးရာနေရာလေး တစ်ခု ပေါ်ပေါက်လာစေချင်တဲ့ စေတနာရယ်ကြောင့်သာ ဒီ စာမျက်နှာကို စတင်ခဲ့ခြင်းသာပါလို့။

အဲဒီ အတွက်ကြောင့် အမှားအယွင်းတွေ ပါကောင်းပါမှာ ဖြစ်တဲ့အတွက် စာဖတ်သူအနေနဲ့ အဲဒီလို မှားယွင်းတာတွေကို တွေ့ရှိခဲ့ရင် ခွင့်လွှတ် ပြင်ဆင်ပေးခဲ့ပါလို့။

စာဖတ်သူများအနေနဲ့ ဓာတုဗေဒ၊ ဇီဝဗေဒ၊ ဆေးပညာ ဘာသာရပ်များနဲ့ ၄င်းတို့ရဲ့ အနွယ်ဘာသာရပ်များနဲ့ သက်ဆိုင်တဲ့ စာမျက်နှာများကို ၀င်ရောက်ရေးသားဖို့ ဆန္ဒရှိတယ် သို့မဟုတ် ပေးပို့ချင်တယ်ဆိုရင် ၀မ်းမြောက်ဝမ်းသာ ဖိတ်ခေါ်ပါတယ်။ ဒီကနေတဆင့် စာရေးသူ ကို ဆက်သွယ်နိုင်ပါတယ်။

ကျေးဇူးတင်ပါတယ်။